Skip to content

နှစ်ကိုယ်တူအလွမ်း

Credit to cameralabs

ကြယ်စဉ်ခါးတွေလင်းလက်
အရိပ်မဲ့တဲ့ညမှာ
ပါးလျှတဲ့လတစ်စင်းရဲ့အပြုံးကိုငေး
အဝေးဆုံးကနင့်ဆီ
အလွမ်းတွေတေးသီရင်း
ညည့်ငှက်ကို မိတ်ဖွဲ့
လေညှင်းကိုလက်ဆက်လို့
မပျက်ကွက်တဲ့သတိရခြင်း
ငါနင့်ဆီအပ်နှင်းပါတယ်..

အဝေးဆုံးက အနီးဆုံး သူတွေအဖြစ်
ရင်ထဲမှာတမ်းတ လွမ်းမ၀တဲ့တို့တွေ
ဖြူစင်ခြင်းနဲ့အမြစ်တွယ် မပျက်ပျယ်သံစဉ်တေး
သံယောဇဉ်ရင်ငွေ့လေးနဲ့
တိမ်တွေပေါ်တံတားဆောက် သက်တန့်လမ်းလဲဖောက်ခဲ့မယ်…

သွဏ်းသက်တံ့ (သနပ်ခါးမြေ)

Advertisements

အချစ်ကျွန်

Credit to 123rf

ရင်မှာနင့်ပါသည်
မမြင်သာတနေရာက သူမသိအောင်ခိုးခိုးကြည့်ပေမဲ့
သူသိကာစိတ်ဆိုး အမုန်းငြိုးတော့မလိုချင်……..

မြေပြင်နှင်မိုးသား
ကွာခြားကာ ဘ၀လှမ်းတော့မလှစခန်းဝင်ရုံသာ…..

မလှမ်းသာပေမယ့်
ပန်းကညာနွေကြောင့် ရင်မှစိတ်ကူး
ရူးရရက်တွေရှည်…

ချစ်တိုင်းရူးသည်
ရူးတိုင်းချစ်မိ အပြစ်ရှိလျှင်
ကြိမ်စာဒါဏ်သင့် မုန်းမာန်ဝင်၍
အငြိုးစေလွှတ် သူပစ်နိုးလည်း
ကျိုးကျေအသဲ ရင်မှာကွဲရှ
နည်းနည်းမျှတော့ ချစ်နေမည်….

သခင်ခေါ်စမ်း ရင်နင့်ပန်းနှင့်
ဒါဏ်ရာထွေးပိုက် ပြေးလိုက်ခဲ့ချင်
သခင်စေထား အပြုံးများနှင့်
သင့်ရာနေသူ ဘီလူးမူသည့်
ကျွန်းငူလမ်းလဲ အရှင့်ရဲဆေး
သခင့်သွေးကြောင့်
မှေးစက်မွေ့ရာ မရွေ့ပါပဲ
နေခဲ့တော့မည် သက်ဆုံးတိုင်……

သွဏ်းသက်တံ့ (သနပ်ခါးမြေ)

အလွမ်းတမ်းချင်း

Credit to bintangaboutlife

အစဘယ်လို အဆုံးဘယ်သို့
မပျက်ပြယ်အနမ်းတကယ်လွမ်းသည်သူ့ကိုရည်စူး တမ်းတရူးခဲ့
မထူးရက်တွေ အသင်္ချေ……..။

အမြင်ဝိုးဝါး နှင်းမှုံကြားထဲ
သူရောက်လာခဲ့.
အသိစွဲမြဲအိပ်မက်ထဲလဲ သူရောက်လာခဲ့
နွေဦးလေပွေ သစ်ရွက်ကြွေရင်
သူ့ခြေသံထင် လာလေမလား
မိုးစက်ကြွေကျ ထီးလှလှနဲ့
ရင်နင့်အလွမ်းပြေလာလေမလား…။

ရာသီသုံးလီ အလွမ်းသီဖွဲ့ ယဲ့ယဲ့မျှပင်
မထင်အရိပ် သခင့်စိတ်ဖြင့်
ဆွေးရတိတ်တိတ် လရောင်ရိပ်မှာ
ကြယ်စင်လေးလို မကြင်လင်..
ပူပင်ဗျာစိုးသူ့လိုမျိုးတော့ မလွမ်းပါဘူး
မလွမ်းပါဘူး သက်ညှာဦးက
ဒေါသမာန်လျှ စိတ်မာန်ထ၍
အလွန်ဖွဖွပြောခဲ့ပါလည်း
ကျွန်တော့်အလွမ်း ဆယ်ပုံခြမ်း
တစ်ပုံတစ်ခြမ်းလွမ်းပေးပါခင်….။

သွဏ်းသက်တံ့ (သနပ်ခါးမြေ)

ဘယ်ထိတိုင်အောင်ဝေးပါစေ

Credit to flickriver

သူငယ်ချင်း.. လွမ်းဆွတ်ရက်ရှည် အသင်္ချေမကသလို
ဝေးကွာရက်က အသင်္ချာမကလို့
ဝေဒနာတွေဒါဏ်ရည်ဝ ရင်ထဲမှာနာလှတယ်ဟာ…..။

သူငယ်ချင်း.. ဘယ်လိုပဲဝေးကွာ နီးမလာလည်း
မဆုံနိုင်တဲ့ခဏတာမှာ နင်ငါ့ကို မေ့မှာစိုးမိတယ်……။

သူငယ်ချင်း.. ဘ၀တစ်ခုရဲ့အခြေနေကြောင့်
လမ်းတထောက်မှာ နင်ကို ငါခွဲခဲ့ပေမယ့်
တစ်ဘ၀စကာ ပြန်ဆုံမယ့်အရေး ငါကြိုးစားနေဆဲပဲလေ…။

သူငယ်ချင်း.. ရေမြေတွေ ဘယ်သို့တား
မိုင်ထောင်သောင်းခြားသော်မျှ
သံယောဇဉ်နဲ့အမျှ နင်ငါ့ကို သတိရနေမယ်ဆိုရင်
တောင်ပုံနှယ်အလွမ်းဒဏ်ကို အံတုကာမိုက်မဲ
ငါခံရဲပါတယ်….။

သူငယ်ချင်း.. ဝေးကွာနေတဲ့ခဏတာမှာ
တမ်းတမှုနဲ့ အလွမ်းရတုတွေရေးဖွဲ့
ရာသက်ပန်အတွက်မမြဲသော လူ့နိဗ္ဗာန်မှာ
ထာဝရအတွက်ရပ်တည်မှု
ငါ့ရင်ထဲက အခမ်းနားဆုံးနေရာ
တစ်ဘ၀တာ အစဉ်ထာဝရ
နင်သာအမြဲရှိနေရမှာပါ……။

သွဏ်းသက်တံ့ (သနပ်ခါးမြေ)

လှုံဆော်သံ

Credit to wallpaper-million

စိတ်တို့နဲ့ တူးဖော်ထားတဲ့ ပင်လယ် ဘယ်မုန်တိုင်းမှမထန်စေနဲ့….လေပြေနဲ့လတ်ဆတ်ပြီး စိတ်ခွန်အားနဲ့ခရီးသွားမယ်… ယုံကြည်ရာကိုမြဲမြဲသာဆုတ်ကိုင်လိုက်.. မဇ္ဈိမနေရာကို ခြေချခွင့်မရသေးရင်တောင် ဟိုမှာဘက်ကမ်းခရီးလမ်းထဲက ဥဒ္ဒိစ္စ ဟင်းလင်းပြင်မှာ ယုံကြည်ချက်ရဲ့အတောင်တွေကို ကျွတ်မထွက်ပါစေနဲ့. ရောက်အောင်သာ ပျံလိုက်စမ်း.. ဘယ်ချိန် ဘယ်လမ်းမှာ ဘယ်မုန်တိုင်းကြမ်းပါစေ အားစိုက်လို့ တွန်းတိုက်သွားကြစို့

ဆံနွယ်နန်းမှ ကြွေသည့်ပန်း

Credit to topflowerswallpaper

စိမ်းရောင်စိုပင်ပျိုထက်မှာ ယိမ်းလွင့်ကာပန်းပွင့်ငယ်
ရနံရယ်ကြွယ်ကာစ လှတဲ့သဏ္ဌန်………………

ပင်လုံးကိုင်းဆီမှာ ပျိုတိုင်းလှသော်မျှ
ဘယ်သို့ပင်ယှဉ်ယှဉ် ယဉ်သလောက်လှပါလို့
ပန်းဥယျာဉ်ဘုရင်ပေး ဧကရာဇ်ဖြစ်ချေရဲ့……….

လေပြင်းငယ်ခွေကာဝှေ့ ဝေ့ဝေ့ဖြာဘယ်ညာမွှေ့စဉ်က
မြေမခ၊ ကြွေမကျသော်မျှ
လက်တစ်စုံအနမ်းရယ်က ယူကာခွေကေသာဆက်
ဦးထက်ပန်စေ…..

ရနံကြွယ်ပွင့်လွှာထည်ချိန်တော့
ကေသာထက်ကျော့ကျော့မှာ ဦးမော့ကာပျော်စေ
ဆံနွယ်တွေဝေတဲ့နန်း တက်လှမ်းကာစံစေတဲ့…….

လေပြေငယ်မွှေ့ပါလို့
ပြေပြေလျော့လာတဲ့သူ့ဆံနွယ် ရနံရယ်ထုံသင်း……
လှိုင်းဘောင်ဘင်ဆံနွယ်စတွေမှ ကြွေကျကာပန်းပွင့်ငယ်
ရနံရယ်မပြယ်သော်လည်း နွမ်းကြွေကာပွင့်လွှာညှိုးပြီမို့
ညှာတံချိုးလို့ပွင့်ဖတ်ချွေ မြေမှာလေချေကာမွှ
ဒီမှာဘဲမင်းနေ ဘယ်သူနင်းလို့ကြေကြေတဲ့………..

သွဏ်းသက်တံ့ (သနပ်ခါးမြေ)

တွယ်ရာမဲ့ဗေဒါ

Credit to malyousif

မိုးလေသံချုန်းချုန်းညံ
ချောင်းရေသံဝုန်းဝုန်းဆံလို့
ပန်းဗေဒါခက်ကြုံရတယ် ပင်ပြတ်ကယ်တဲ့ကြုံ…….

ချောင်းဆုံရာမြစ်ညာဆီက မျောလာရာလမ်းမှာလည်း
ပန်းဗေဒါ လမ်းဘယ်မသိ နားခိုရာကမ်းရွာမရှိလို့
ဝဲလိုက်ရာငုံကာလျိုးရတယ် မောဟိုက်ကယ်တဲ့ကြုံ…..

သံသရာရယ်ဘယ်မှာဆုံး ဗေဒါငယ်ဖွေရှာဦးတော
ကမ်းရေလွှာမဆုံးနိုင်သမျှ ပန်းဗေဒါလမ်းဘယ်မဆုံး
တွယ်ရာမဲ့လေဦးတော့ကွယ်………

သွဏ်းသက်တံ့ (သနပ်ခါးမြေ)